စာမျက်နှာများ

Tuesday, February 10, 2015

ကောက်ရခဲ့သောလက်သည်းဆိုးဆေးပုလင်းလေး - ၁

အခန်း(၁) ၊ အပိုင်း(၁)



ဆေးရုံကြီးအရှေ့လမ်းမပေါ်မှနေ၍ တရွေ့ရွေ့နှင့် ဘူတာရှိရာသို့ဦးတည်ကာ အာကာလမ်းလျှောက်လာခဲ့သည်။ ဒီနေ့အလုပ်ထဲတွင် လုပ်စရာမရှိသဖြင့် တနေကုန်လုံး အချစ်တက္ကသိုလ်တွင်သာ အချိန်ဖြုန်းခဲ့ရသည်မို့ ခေါင်းတွေကလည်း မူးနောက်နောက်။ လသာ ၂ ရှေ့အရောက်တွင်တော့ သံတိုင်ပေါ်မှာတင်ထားသော ခရမ်းရောင်လက်သည်းဆိုးဆေးပုလင်းလေးကို အမှတ်မထင်သူတွေ့လိုက်ပါသည်။ သံတိုင်ပေါ်တွင်ရှိနေသော လက်သည်းဆိုးဆေးပုလင်းလေးသည် သူ့အားလှမ်းယူငင်လိုက်ပါဟု ပြောနေသယောင်။ သို့သော် အာကာသည် ထိုလက်သည်းဆိုးဆေးပုလင်းလေးကို လှမ်းမယူခဲ့ပါ အဘယ်ကြောင့်ဆိုသော် တယောက်ယောက်များမြင်သွားလေမလားဆိုသည့် ခံစားချက်ကြောင့်ဖြစ်သည်။ သို့သော် ထိုပုလင်းကိုယူချင်သောစိတ်သည် မယူနဲ့ယူသောစိတ်အား အနိုင်ရကာ ကျော်သွားပြီးသောခြေလှမ်းများကို နောက်ကြောင်းပြန်လျှောက်၍ ပုလင်းလေးအား မသိလိုက် မသိဘာသာလှမ်းယူလိုက်ပါသည်။ ထို့နောက်ပုလင်းလေးအား သူ့နောက်တွင်သိုင်းပိုးထားသော ကျောပိုးအိတ်အနက်ရောင်၏ဘေးအိတ်ထဲသို့ ထိုးသွင်းထည့်လိုက်ပါသည်။