စာမျက်နှာများ

Friday, December 27, 2013

ကျွန်တော်ဟာ ကျွန်တစ်ကောင်ပါ (၁)

ကျွန်တော်ဟာ ကျွန်တစ်ကောင်ပါ
   
  "ဟိုမှာလာနေပြီ အစိမ်းရောင်လေးနဲ့တစ်ယောက်"
       မင်းနိုင်ရဲ့ ပြောစကားကြောင့် ကျွန်တော်လှမ်းကြည့်လိုက်ရာ မိန်းကလေး လေးယောက်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ မိန်းကလေး လေးယောက်ထဲတွင် သူမက အထင်ရှားဆုံးဖြစ်သည်။ ဖွေးဖြူသောအသား မြင့်မားသောအရပ် အရပ်နှင့်လိုက်ဖက်ညီလှသော ရင်သား သေးသွယ် ချပ်ရပ်သောခါး နှင့် စွင့်ကားနေသော တင်ပါးတို့ဖြင့် အလွန်လှပနေသည်။ အထူးခြားဆုံးမှာ သူမ၏ မျက်နှာထားပင်။ သူမ၏မျက်နှာကိုမြင်လိုက်သည်နှင့် ဘုရင်မတစ်ပါး၏ မျက်နှာထားကိုပြေးမြင်မိသည်။ အားလုံးထက်တော်သော မြင့်မြတ်သောမျက်နှာထားမျိုးပင်။
       "ဟေ့ကောင် ရဲဘုန်း မျက်တောင်လေးဘာလေးခတ်ပါဦးကွာ။ မျက်လုံးကြီးကျွတ်ထွက်သွားပါဦးမယ်။"
       မင်းနိုင်စကားကြောင့် ကျွန်တော်လည်း ရှက်ရမ်းရမ်းပြီး
       " ဟာ မင်းကမဟုတ်တာတွေလျှောက်ပြောနေပြီ။ အဲဒီစော်ကြီးက မင်းတို့ပြောသလောက်လဲမဟုတ်ပါဘူးကွာ။ မင်းတို့ညွှန်းလွန်းလို့ ငါအတန်းအပျက်ခံပြီး လိုက်လာတာ အလကားစာတွေလွတ်တာပဲအဖတ်တင်တယ်။"
       " ဒါတော့မင်းများသွားပြီ ရဲဘုန်း။ ဒီလောက်လှတဲ့ စော်ကိုများပြောရက်လိုက်တာကွာ။ အေးပြီးမှ မင်းပဲချစ်လှချည်ရဲ့ကြိုက်လှချည်ရဲ့ဆိုပြီး လာမငိုနဲ့နော်"
        မင်းနိုင်က ကျွန်တော့်ကို အမြင်ကပ်ပြီးဖဲ့သည်။
ကျွန်တော်ကလည်းဘယ်ရမလဲ
       "အံမာ မင်းပြောသလိုဘယ်တော့မှမဖြစ်စေရဘူးကွ။ ငါ့မှာလည်း ငါ့ချစ်သူ ပန်း တစ်ယောက်လုံးရှိနေတာပဲကွ။ သူက ငါ့ကို လာကြိုက်ပါလို့ ဒူးထောက်ပြီးလာပြောတောင် ငါက ဆောရီးပဲ"
        ကျွန်တော်ကပိုပိုသာသာပြောလိုက်သည်။ မင်းနိုင်မျက်နှာက အီးမှန်သွားသလို ရှုံ့မဲ့သွားပြီး
        "လေကြီးထားဦးပေါ့ကွာ ခင်သီရိကို ဆို စော်ရှိရဲ့သားနဲ့ကြိုက်သွားကြတဲ့ ဘဲတွေအများကြီးပဲကွ"
        " တော်ပါတော့ကွာ။ ငါကျောင်းကိုပြန်လစ်လိုက်ဦးမယ်။ သွားပြီသူငယ်ချင်း။"
       ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ပြောနေသည်ကို အနောက်ဝိုင်းတွင်ထိုင်နေသော ခင်သီရိရဲ့ သူငယ်ချင်း မီမီကြားသွားသည်ကို ကျွန်တော်တို့နှစ်ယောက်ကမသိလိုက်ပေ။
        ကျွန်တော့်အကြောင်းကိုလည်းပြောရဦးမည်။ ကျွန်တော့်နာမည်က ရဲဘုန်း။  ရုပ်ချောသည်။မိဘတွေက ပိုက်ဆံချမ်းသာသည်။ တစ်ဦးတည်းသောသား ဖြစ်သောကြောင့် မိဘတွေကအရမ်းအလိုလိုက်သည်။ ထို့ကြောင့်ကျွန်တော်ကလည်းမာနကြီးသည်။ စာကလည်းတော်သောကြောင့် ဆေးကျောင်းတက်နေသော ဆရာဝန်လောင်းတစ်ယောက်လည်းဖြစ်သည်။ မိန်းကလေးများက ကျွန်တော့်ကို ၀ိုင်းအရေးပေးကြသော်လည်းကျွန်တော်က ဂရုမစိုက်ပဲ ကျွန်တော့်ချစ်သူပန်းတစ်ယောက်ကိုပဲ စွဲစွဲမြဲမြဲံချစ် သူဖြစ်သည်။ ကျွန်တော့်ဘ၀သည် မွေးကတည်းက အခုအချိန်ထိ အလွန်ချောမွေ့ကာ ပျော်ရွှင်ဖွယ် အတိဖြစ်လေသည်။ သို့သော် ကျွန်တော့်သူငယ်ချင်းမင်းနိုင်ပြသော ခင်သီရိဆိုသည့်ကောင်မလေးနှင့် ပတ်သက်မိသောအချိန်မှစပြီး ကျွန်တော့်ဘ၀အကြီးအကျယ်ပြောင်းလဲသွားလိမ့်မယ်ဟု မထင်မိပေ။
      " ဘာ ရဲဘုန်းဆိုတဲ့အကောင်က ငါ့ကို အဲဒီလို ပြောတယ်ပေါ့"
      " ဟုတ်တယ်ဟ ကန်တင်းမှာ ငါနားနဲ့ စပ်စပ် ကြားခဲ့ရတာ။ နင့်ကို ပြောလိုက်တာများရစရာတောင်မရှိဘူးဟာ။"
      မီမီက သူမ ကန်တင်းတွင်ကြားခဲ့ရသည်များကို ခင်သီရိအားပြန်ပြောပြနေခြင်းဖြစ်သည်။ ခင်သီရိမှာ ငယ်စဉ်ကတည်းက အဲဒီမျိုးအပြောမခံခဲ့ဖူးချေ။ သူမ၏အလှအောက်တွင်ကျဆုံးခဲ့ရသော ယောကျာ်းများမှာ ရေတွက်လို့ပင် မကုန်နိုင်ပေ။ အခုတော့ သူမက သူ့အားဒူးထောက်တောင်းပန်တာတောင်လက်မခံနိုင်ဘူးဆိုပြီးပြောတယ်တဲ့။ ထိုစကားကိုပြန်ကြားလိုက်ရသည်မှာ သူမပါးအရိုက်ခံရသည်ထက်နာလေသည်။
      "အဲဒီ ရဲဘုန်းက ချောလည်းတော်တော်ချောတယ်ဟ မာနလည်းကြီးတယ်။"
      "အေး အဲဒီမာနကြီးတဲ့အကောင်ကို ငါရအောင်ချိုးပြမယ်"
      ခင်သီရိက စိတ်ထဲကကြုံးဝါးလိုက်လေသည်။
      "နင် အဲဒီ ရဲဘုန်းနဲ့ခင်လား ငါနဲ့မိတ်ဆက်ပေးစမ်းပါ။"
      "ရဲဘုန်းနဲ့တော့မခင်ဘူးဟ။ ဒါပေမယ့် သူ့သူငယ်ချင်း မင်းနိုင်နဲ့တော့ခင်တယ်။ ငါသူကနေတဆင့်မိတ်ဆက်ပေးခိုင်းလိုက်မယ်။"
      " နေနှင့်ဦးပေါ့ ရဲဘုန်းရာ။ နင်ခင်သီရိအကြောင်းကောင်းကောင်းသိရမယ်။" သူမက စိတ်ထဲတွင် နောက်ထပ်တစ်ခါကြုံးဝါးလိုက်လေသည်


No comments:

Post a Comment